မော်လမြိုင် မေ ၂၈
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)နှင့် မုဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းအပ်နှံရေးနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအားပေးအပ်ခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ မကြာမီကာလအတွင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များ၊ မြက်များ၊ ချုံနွယ်များ စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန်၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးနှင့် ခုံများအား ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့်အလေ့အထ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်း စာကြည့်တိုက်နှင့် မုဒုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်၌ ကျောင်းသား/သူများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဥ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးအပ်ကာ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက စာကြည့်တိုက်အတွက်စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တွင် ကျောင်းသား/ သူများက ကံဆိုးမှုကိုငြင်းပယ်ပါ၊ ချမ်းမြေ့မှုကိုရွေးချယ်ပါ၊ လူငယ်တွေကို လျှော့မတွက်ပါနဲ့၊ ရည်ရွယ်ချက်အတွက် အချိန်၊ အမှိုက်ထုပ် သီအိုရီခေါင်းစဥ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းနှင့် ပန်းချီပြိုင်ပွဲကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများအား ဆုလက်ဆောင်များပေးအပ်၍ ကျောင်းစာကြည့်တိုက်အတွက် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက လှူဒါန်းသည့်စာအုပ်စာစောင်များအား ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး စာအုပ်စာစောင်နှင့် အသိပညာပေး နံရံကပ်ပိုစတာပြသထားမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)