ချောင်းဆုံ မေ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက လုပ်ငန်းဆောင်ရွက်ချက်များ၊ အမုန်းစကား၊ အကြမ်းဖက်ဖြစ်စေရန် လှုံဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/ဆရာမများ ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အမျိုးသမီး/မသန်စွမ်း၊ ကလေးသူငယ်အခွင့်အရေး လူငယ်ရေးရာမူဝါဒများနှင့် လူမှုရေးပင်စင်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း မော်လမြိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမဝိသေသ ရှေ့ဆောင်စကားလုံးများ ထည့်သွင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို စစ်တမ်းနမူနာပုံစံအား ရှင်းလင်းပြောကြားကာ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံ(၈၀)ဦးတို့မှ စစ်တမ်းမေးခွန်း (၂၄)ခုအား ဖြေဆိုခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)