ဝေါ မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က(ဝေါ)ကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ အ-ထ-က(ဝေါ)မှ ကျောင်းသား၊ကျောင်းသူများက ကျောင်းအပ်ကြစို့သီချင်းဖြင့် ဖျော်ဖြေပြီး၊ မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပညာရေးဝန်ကြီးဌာနမှပေးအပ်သောအခမဲ့ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို မြို့နယ်ပညာရေးမှူး ဦးကြည်စိုး ထံပေးအပ်သည်။ မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာအုပ်ပေးအပ်ခဲ့သည်။ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် ကျောင်းသား၊ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိကြသည်။
ဝေါမြို့နယ်တွင် အထက်တန်းအဆင့်(၂၈)ကျောင်း၊ အလယ်တန်းအဆင့် (၉၉) ကျောင်း၊ မူလတန်းအဆင့်(၃)ကျောင်း၊ဘုန်းတော်ကြီးသင် မူလတန်း၊ အလယ်တန်းအဆင့် (၈)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းအဆင့် (၁)ကျောင်း စုစုပေါင်း (၁၃၉) ကျောင်းရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံစေရေးအတွက် “ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ အသိပညာပေးဆိုင်းဘုတ်များကို အခြေခံပညာကျောင်းများနှင့် မြို့တွင်းရှိ လူစည်ကားရာနေရာများတွင် စိုက်ထူနှိုးဆော်ထားရှိကြောင်းနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)