သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေးပေး

သဲကုန်း မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အင်းမမြို့၊ သီရိဝေဖြာရပ်ကွက်မှ ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူ(၄၀) ဦးအတွက် စပါးစိုက်ဧက(၂၄၅)ဧက၊  ငွေ (၃၆၇၅၀၀၀၀)ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သဲကုန်း​မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယခင် ၂၀၂၄ မိုးရာသီ အချိန်စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးများအားလုံး ပြေကြေသူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ ချေးငွေရာနှုန်းပြည့် ပြေကြေသော ကျေးရွာအုပ်စုများကို  ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ရာ ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သဲကုန်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု (၆၂)အုပ်စုရှိ စိုက်ဧက (၅၆၀၀၀) ဧကအတွက် ချေးငွေပမာဏသိန်းပေါင်း (၈၄၀၀၀) ကျပ် ထုတ်ချေးရန် လျာထားပြီး မေလ ၂၇ ရက်မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်​​နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)