ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်

ငါးသိုင်းချောင်း  မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် နိုင်ငံတော်မှချမှတ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ (အခမဲ့)ထုတ်ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအပြင် ကျောင်းဝတ်စုံတစ်စုံကို (အခမဲ့)ထုတ်ပေးလျက်ရှိပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှုမရှိဘဲ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ပေါ်တွင် အခြေခံပညာကျောင်း(၁၂)ကျောင်းရှိပြီး ရာနှုန်းပြည့်နီးပါးကျောင်းအပ်လက်ခံပြီးဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)