ဝါးခယ်မမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာဆက်လက်သင်ကြားနိုင်စေရေး တွေ့ဆုံအားပေး

ဝါးခယ်မ မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းသို့ ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအား ဆက်လက်တက်ရောက်သင်ကြားနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေအိမ်များသို့ လိုက်လံကာတွေ့ဆုံပြီး အားပေးခဲ့သည်။

ယခုပညာသင်နှစ်တွင် ဝါးခယ်မမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများထဲမှ အခြေခံပညာတက်ရောက်မည့် ကလေးငယ်စုစုပေါင်း ၅၁ ဦးရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ  အခြေခံပညာသင်ကြားနိုင်စေရေးအတွက် လိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးနိုင်စေရေး တွေ့ဆုံအားပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ကြားမှု လစ်ဟာမှုမရှိစေရေး၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှပေးအပ်သော ထောက်ပံ့ငွေများ ပြည်စုံစွာရရှိစေရေးနှင့် မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်ပြီး လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများမှတစ်ဆင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများမှာ တိုင်းဒေသကြီးအတွင်းမှ ဝင်ရောက်လာသူ အိမ်ထောင်စု ၅ စု၊ လူ ဦးရေ ၁၅ ဦး၊ တိုင်းဒေသကြီး ပြင်ပမှ ဝင်ရောက်လာသူ အိမ်ထောင်စု ၅၃ စု၊ လူဦးရေ ၁၆၉ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)