ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျောင်းကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျောင်းကျန်းမာရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်အေးမြင့်သူက ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊  ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊  ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊  သင်တန်းနှင့်သုတေသနလုပ်ငန်း၊ ကာယပညာနှင့် အားကစားလုပ်ငန်း စသည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကျောင်းကျန်းမာရေး တာဝန်ခံ ဆရာဝန်၊ သွားဆရာဝန်တို့က ကျောင်းကျန်းမာရေးနှင့်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့မှုများ အပေါ် အစည်းအဝေးသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)