အင်္ဂပူ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အ-ထ-က(အင်္ဂပူ) ငုရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူများက "ကျောင်းအပ်ကြပါစို့သီချင်း" ဖြင့် သီဆိုအခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးမြင့်အောင်မှကျောင်းအပ်နှံရေးဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ(အခမဲ့) ပေးအပ်သော ကျောင်းသုံး ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။ ထို့နောက် အ.ထ.က (အင်္ဂပူ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်သီချင်း” ဖြင့်သီဆိုခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်းနှင့် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များက ကျောင်းအပ်နှံရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)