ဘိုကလေး မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာရှိ အ.လ.က(ခွဲ) ကံကုန်းယာယီစာသင်ဆောင်နှင့် ဟေမာန်ညီနောင်ကျေးရွာအုပ်စုရှိ ကမလာစုကျေးရွာ ရွာအလယ်တွင် ဆောက်လုပ်ထားသော လူနေအိမ်(၁)လုံးတို့သည် မေလ(၂၇) ရက် ည(၇)နာရီကျော်၌ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပြိကျပျက်စီးခဲ့သည်။
ပြိုကျပျက်စီးခဲ့သည့် အ.လ.က(ခွဲ) ကံကုန်း ယာယီစာသင်ဆောင်သည် (၂၀၁၇)ခုနှစ်က ရပ်ရွာ လူထုအနေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၁၅)ပေရှိ မြေခင်း၊ သွပ်မိုး၊ ဝါးထရံကာ အဆောက်အဦးဖြစ်ပြီး ကျောင်းဖွင့်ရာသီ၌ ကျောင်းသား/သူများအား စာသင်ကြားနိုင်ရေး ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ် ရွှေ့ပြောင်း သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် စာသင်ဆောင် ပြန်လည် ချထားဆောက်လုပ်နိုင်ရေး တာဝန်ရှိသူများကလည်း တိုင်းဒေသကြီး ပညာရေးမှူးရုံးထံ တင်ပြထားကြောင်း သိရသည်။
ကမလာစု ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သည် လူနေအိမ်သည် ဒေါ်တင်တင်ဝင်း ပိုင်ဆိုင်သည့် အလျား(၁၀)ပေ၊ အနံ(၉)ပေ၊ အမြင့် (၉)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်ဖြစ်ပြီး ယခုအခါ မိသားစုဝင်များသည် နီးစပ်ရာ ဆွေမျိုးများထံ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ပြိုကျ ပျက်စီး အိမ်အတွက် ကူညီထောက်ပံ့နိုင်ရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းပြိုကျပျက်စီးမှုများကြောင့် လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)