ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောက်ချောင်းကျေးရွာအုပ်စုနှင့် ကံချိုင်ကျေးရွာအုပ်စုတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများသည် ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး၊ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊မိုးရေတင်နိုင်သော တာယာကွင်းများ၊အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး၊ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို ဒေသခံပြည်သူများအား အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)