ဟင်္သာတ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၃) ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီးနောက် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာတွင် "၂၀၂၅ ခုနှစ်၊ မေလ ၂၂ မှ ဇွန်လ ၁ ရက်နေ့အထိအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာ၊ ထက်၊ လယ်၊ ကျောင်းသား/သူဦးရေ(၆၀၀၃၃)ဦးရှိပြီး ကျောင်းအပ်နှံနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းနေရန်ခက်ခဲသူများကို အထူးအစီအစဉ်ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊ ပုံမှန်အသက်ထက်ကျော်လွန်နေသူများကို စာသင်ကြားနိုင်ရေးအတွက် စီစဉ်ပေးခြင်းတို့ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်းက ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပညာရေးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား ကျောင်းအသီးသီးမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အ.ထ.က(၃)ကျောင်းသား/ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်နှင့် မြို့ပေါ်ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)