လက်ပံတန်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အသိပညာဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက (၂)လမ်းမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ အစေ့ချ ကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ပင်ခြားတန်းခြားစိုက်ပျိုးခြင်း၊ စနစ်တကျစိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များက လက်ပံတန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက တစ်သိန်းတစ်သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ရာ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးနှံအလိုက်နှင့် စံပြကွက်များတွင် စိုက်ပျိုးမည့်တောင်သူများကို မြေအသုံးချရေးဆိုင်ရာ၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် ကြဲခင်းစိုက်ပျိုးခြင်းများ မပြုလုပ်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခမုံ၊ မြင်ကဝ၊ ဆင်မနီကျေးရွာအုပ်စုများမှ ဒေသခံတောင်သူ ၄၅ ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)