ကျုံပျော်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ကျုံပျော် မေ ၂၇

"ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်သည်။

ဦးစွာ အ.ထ.က (၁) ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားအားဖွင့်လှစ်သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ယခု ပညာသင်နှစ်တွင် ကျုံပျော်မြို့နယ်အတွင်း ကျောင်းအပ်နှံတက်ရောက်မည့် ကျောင်းသားအင်အား လျာထားချက် မူလတန်း (၂၈၇၁၀)ဦး၊ အလယ်တန်း (၁၀၁၃၄) ဦး၊ အထက်တန်း (၅၄၁၈) ဦး၊ စုစုပေါင်း (၄၄၂၆၂) ဦးရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်ကို ထူထောင်နိုင်မှာဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ကျုံပျော်ခရိုင် ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် တာဝန်ရှိသူများက ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က (၁) ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားအောင်မြင်စွာ ကျင်ပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)