ငပုတောမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားပြုလုပ်

ငပုတော မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဦးမင်းထူးက နိုင်ငံပိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများအား စိုက်ပျိုးစရိတ် အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ရရှိသောချေးငွေများကို အကြိုးရှိစွာဖြင့်အသုံးပြုရန်၊ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး နိုင်ငံတော်ကစီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ချေးငွေစာချုပ်ပါစည်းကမ်းချက်များနှင့် ညွှန်ကြားချက်များရှင်းလင်းပြောကြားသည်။

ငပုတောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးရေးချေးငွေများကို တစ်ဧကလျင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့်မေလ (၂၇) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာအုပ်စု (၈၅) အုပ်ရှိ စိုက်ဧက (၅၃၉၂၆) ဧကအတွက် ငွေကျပ် (၈၀၈၈၉.၀၀) သိန်း ထုတ်ချေးပေးရန်လျာထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂွေ့ချောင်းကျေးရွာအုပ်စုမှ တောင်သူ (၁၈၇) ဦး၊ လယ်ယာမြေ (၁၇၉၅) အတွက် ငွေကျပ် (၂၆၉၂.၅၀) သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။‌

အောင်သူ (ပြန်/ဆက်)