လက်ပံတန်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ "၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးက ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပညာရေးရည်မှန်းချက်ဆောင်ရွက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ကျောင်းဝတ်စုံနှင့် ဘောပင်ခဲတံတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံ ပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)