ကျောက်ပန်းတောင်း မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သစ်ပင်၊ သစ်ကိုင်းများ လဲကျကာ လမ်းပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ညက မိုးသည်းထန်ခဲ့မှုကြောင့် ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံလမ်းကြား (မြို့ပတ်လမ်းဟောင်း)တွင် လုံးပတ် (၃)ပေခန့်စီရှိ မယ်ဇလီပင် (၁)ပင်နှင့် တရုတ်မန်ကျီးပင် (၁) ပင် လဲကျမှုဖြစ်ပွားကာ လမ်းမပေါ်တွင် ပိတ်မိနေသဖြင့်၊ အဆိုပါ လဲကျသစ်ပင်များအား ရှောင်တိမ်း မောင်းနှင်လာသော မန္တလေးမှ မကွေးသို့ မောင်းနှင်လာသည့် Harrier မော်တော်ယာဉ်မှာ ကမ်းလမ်းဘေးတွင် နွံနစ်မှု ထပ်မံဖြစ်ပွားသဖြင့် မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်အား ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးဖြင့် ဆွဲတင်ခြင်း၊ လမ်းပိတ်ဆို့ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ဘူတာရပ်ကွက် နယ်မြေ (၉)၊ ကျောက်ပန်းတောင်း-ပွေးကျစ်လမ်းဘေးတွင် လုံးပတ်(၄)ပေ အမြင့် ပေ(၃၀)ခန့်ရှိ ကန္တာရပင် (၁) ပင် လဲကျကာ အနီးရှိ ဦးဆန်းဝင်းမောင် ပိုင် ပေ ၃၀× ပေ ၂၀ ရှိ သွပ်မိုး၊ ထရံကာ မြေစိုက်၊ နေအိမ် အဖီပေါ်သို့ သစ်ကိုင်းများ ပိမိနေသဖြင့် မြို့နယ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦးတို့က သွားရောက်ကူညီဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရပြီး၊ အဆိုပါ ဖြစ်စဉ်များအတွင်း လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)