တံတားဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံ (၁၇၈၁၆၉) ဧကကို လျာထားစိုက် ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့နယ်တွင် မိုးစပါး (၁၄၅၇၅) ဧကနှင့် နှံစားပြောင်း (၁၂၈၉၈) ဧက၊ မိုးပဲမျိုးစုံ (၂၀၇၃၉) ဧက၊ မိုဆီထွက်သီးနှံစုံ (၆၅၂၂၃) ဧက၊ မိုးစားဖိုဆောင် (၅၃၃) ဧက၊ မိုးအခြားသီးနှံဖြစ်သည့် ကျွဲနွားစာအဖြစ် (၄၈၅၃၈) ဧကနှင့် ပဲမြစ် (၂၁၄၅) ဧက၊ စားသုံးခြင်းမပြုသီးနှံ (၇၈၅) ဧက၊ မိုးဟင်းသီးဟင်းရွက် (၉၉၃) ဧက၊ မိုးဝါမျိုးစုံ (၅၂၂၀) ဧက၊ မိုးကြံ (၈၁) ဧက၊ သစ်သီးနှစ်ရှည်ပင် (၆၄၃၉) ဧက၊ စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှ သိရသည်။
မိုးရာသီရာတွင် သီးနှံမျိုးစုံ ထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေးအဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)