မိတ္တီလာ မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိတ္တီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းလုပ်ငန်းစဉ် များ၊ စီမံကိန်းမူဘောင်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူ ကျေးရွာသားများက ဦးစာပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ခုနှစ်ဦးအား မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာများ၌ ယခု၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်ထောက်ပံ့ရန်ပုံငွေ တစ်ရွာလျှင်ကျပ်သိန်း ၁၅၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်ကျေးရွာ၏ အဓိက လိုအပ်ချက်များ ပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး စီမံချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုးကာ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)