တံတားဦး မေ ၂၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်/ မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကား ပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အစ ဇွန်လ (၂) ရက်နေ့မှစတင်ပြီး ကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းဖွင့်ဖွင့်ခြင်း စာသင်နိုင်ရန် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးကို ကြိုတင်ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်အစိုးရ ပညာရေး ဝန်ကြီးဌာနမှ လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မိဘများကျောင်းအပ်နှံမှု လွယ်ကူစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ထားပါကြောင်း၊ မိဘများကလည်း မိမိသား၊ သမီးပညာရေးအတွက် နောင်ရေးကောင်းစေရန် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းသို့ လာရောက်အပ်နှံဖို့ လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအား (၅) နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့အပ်နှံရန်နှင့် (၆) နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန်လည်း အသိပေးကြေငြာထားပါကြောင်း၊ ကျောင်းအပ်နှံရာတွင် ငွေကြေးလုံးဝ မကောက်ခံရန်နှင့် အခြေခံပညာရေးကဏ္ဍမှာ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ထားကြောင်း၊ ကျောင်းစတင်အပ်နှံသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကိုလည်း နိုင်ငံတော်မှ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောပင်၊ ဗလာစအုပ်နှင့် ကျောင်းသုံးပြဌာန်း စာအုပ်များကိုလည်း ငွေကြေးကုန်ကျမှု လုံးဝမရှိရေးအတွက် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တံတားဦးမြို့ အ.ထ.က တောင်ဘီလူကျောင်းသား/သူများက “မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံစို့” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ထက်၊ လယ်၊ မူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ၊ ကျောင်းဝတ်စုံများကို ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် ကျောင်းသား/သူများထံသို့ ပေးအပ်ကြပြီး အ.လ.က မြို့မကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)