မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ မေ ၂၇

၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မိတ္ထီလာမြို့မဈေးကြီးနှင့် ညောင်ပင်သာကျေးရွာ ခေမာသီရိပရဟိတသီလရှင်သင်ပညာရေးကျောင်းတို့၌  ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ မိတ္ထီလာမြို့မဈေးကြီးအတွင် ဈေးရောင်းဈေးဝယ်လာသူများအား ပလတ်စတစ် အမှိုက်ကင်းစင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပတ်ဝန်းထိန်းသိမ်း ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အသိပညာပေးဖြန့်ဝေသည်။ ဆက်လက်၍ နံနက် ၉ နာရီအချိန်တွင် ထမုန်ကန်‌ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ ခေမာသီရိပရဟိတ သီလရှင်သင် ပညာရေးကျောင်း၌ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်အမှိုက်ကင်းစင်ရေး ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခေါင်းစဉ်ဖြင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက လည်းကောင်း၊  ပလတ်စတစ်အမှိုက်ညစ်ညမ်းမှုအကြောင်း ခေါင်းစဉ်ဖြင့် ဒုတိယဦးစီးမှူး ဦးသက်ဝေထွန်းက လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်များ ခေါင်းစဉ်ဖြင့် ဒုတိယဦးစီးမှူး ဒေါ်ဆုရတနာလျှံကလည်း အသီးသီး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍  အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသည့် သီလရှင်များနှင့် ကျောင်းသူ၊ ကျောင်းသားများအား ပလတ်စတစ်အမှိုက် ကင်းစင်ရေးဆိုင်ရာများအကြောင်း ဉာဏ်စမ်းမေခွန်းများမေးမြန်းပြီး  အဖြေမှန်သူများကို  ဂုဏ်ပြုလက်ဆောင်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ