မုဒုံမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မုဒုံ မေ ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၁ နံနက်ပိုင်းက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်အဆင့်)သတင်းကို ကျေးရွာနေပြည်သူလူထုများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်းဇရပ် (ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံ၊ ဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူစုစုပေါင်း ၁၀ ခန့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေးပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)