ဇီးကုန်း မေ ၂၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်း(အ.ထ.က-ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်သူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင်-၁ ဗိုလ်မှူးကျော်လင်းသူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပညာရေးရည်မှန်းချက်ဆောင်ရွက်မှုကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ဘောပင်ခဲတံတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)