ကျွန်းလှ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ ဧက ၅၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ကျွန်းလှမြို့နယ်မှာ ဟင်သီးဟင်းရွက် သီးနှံမျိုးစုံကို ချောင်းရေး၊ မြောင်းရေနဲ့ မြေအောက်ရေတင်ပြီး နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးဖို့ ၅၁၂ ဧကလျာထားပါတယ်။ တောင်သူတွေကို စိုက်ပျိုးရေးနည်းပညာများအပြင် ထွက်ရှိတဲ့သီးနှံများ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဓာတုကင်းလွတ်သီးနှံရရှိရေးအတွက် သဘာဝမြေဩဇာ၊ သဘာဝအားဆေး၊ ပိုးသတ်ဆေးနဲ့ ပိုးပြေဆေးများပြုလုပ်သုံးစွဲရေး အသိပညာပေးသွားမည်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးအဖြစ် ခရမ်း၊ ရုံးပတီ၊ ငရုတ်၊ သခွား၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ဘူး၊ ခဝဲ၊ မုန်လာထုတ်၊ မုန်လာပွင့်၊ ကန့်လန့်၊ ကိုက်လန်၊ မုန်ညှင်း၊ ကြက်သွန် (ဖြူ/နီ) စသည့်သီးနှံများစိုက်ပျိုးကြကြောင်း၊ မိသားစုဝင်ဝင်ငွေရပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)