ကန်ကြီးထောင့် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သဘော့ငူကျေးရွာ အုပ်စု၊ သဘော့ချောင်းကျေးရွာတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် သဘော့ငူကျေးရွာအုပ်စု၊ သဘော့ချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၈၇ E ၊ ဦးပိုင်အမှတ် ၃၆၊ တောင်သူ ဦးသက်ပိုင်စိုး၏ လယ်ဧက (၄) ဧကရှိ သစ်စိမ်းမြေဩဇာ( ပိုက်ဆံလျှော်) အား ထယ်ထိုးထည့်သွင်းခြင်းကို ကြည့်ရှု့အားပေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
သစ်စိမ်းမြေဩဇာအများစုသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်ပြီး သစ်ဆွေးဓာတ် ပျှမ်းမျှ ၆၅% ခန့် ပါဝင်သဖြင့် ဆွေးမြေ့မှုမြန်ကာ မြေတွင်အဓိကနိုက်ထရိုဂျင်ဓာတ်နှင့် သစ်ဆွေးဓာတ်များရရှိခြင်း၊ သစ်စိမ်းမြေဩဇာသည် အဓိကသီးနှံမစိုက်မီနှင့် စိုက်ပြီးချိန်တွင် စိုက်ရသဖြင့် ၄င်းအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အပင်အဟာရများ မဆုံးရှုံးစေဘဲသစ်စိမ်းမြေသြဇာအပင်မှ အပေါ်ယံနှင့် မြေအောက်လွှာများပါ အပင်အဟာရဓါတ်များ မြေအတွင်းပြန်ထည့်ပေးရာ ရောက်သဖြင့် အာဟာရ ဓါတ်များမဆုံးရှုံးစေခြင်း၊ မြေအောက်မှအာဟာရဓါတ်များကို မြေပေါ်သို့ပြန်တင်ပေးနိုင်ခြင်း၊ သစ်စိမ်းမြေဩဇာများ ကျွေးပေးခြင်းကြောင့် မြေတွင်သစ်ဆွေးဓာတ်ကြွယ်ဝလာစေသဖြင့် မြေဆီလွှာဖွဲ့စည်းမှု ရေထိန်းသိမ်းနိုင်မှု လေဝင်လေထွက်မျှတမှုများ ကောင်းစေပြီး စိုက်ပျိုးထားချိန် တွင် မြေကိုအကာအကွယ် သဘောရရှိစေသဖြင့် မြေဆီလွှာ တိုက်စားမှုဘက်မှလည်း ကာကွယ်ရာ ရောက်ခြင်း၊ သစ်စိမ်းမြေဩဇာကျွေးခြင်းကြောင့် ဓာတ်မြေဩဇာ၏ အကျိုးအာနိသင် ကောင်းမွန်လာစေခြင်းနှင့် အပင်အာဟာရဓာတ်များသည် သီးနှံရယူနိုင်သော ပုံစံများအဖြစ် ကြာရှည်စွာထိန်းသိမ်းထားနိုင်ခြင်း၊ သစ်စိမ်း မြေဩဇာအပင်များသည် ကြီးထွားမှုမြန်ပြီး မြေပေါ်သို့ အချိန်တိုအတွင်း ဖုံးလွှမ်းသွားနိုင်သဖြင့် သစ်စိမ်းချိန်များ ပေါက်နေချိန်တွင် ပေါင်းနှိမ်နင်းပေးရာ ရောက်စေပြီး အချို့သစ်စိမ်းပင်များ (ဥပမာ-ပိုက်ဆံလျှော်)ပင်အမြစ်မှ ပေါင်းသေစေနိုင်သော စစ်ထုတ်ရည်များ ထုတ်လုပ်ပေးနိုင်သဖြင့် နောက်စိုက်သော အဓိကသီးနှံတွင် ပေါင်းသက်သာစေခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုအားကောင်းသဖြင့် ဖန်လုံးအိမ်ဓါတ်ငွေ့ကို လျော့ချနိုင်ပြီး ကမ္ဘာရာသီဥတုပြောင်းလဲမှုကိုအလိုက်အလျောက် ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကျော်ဇင်စိုး