ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများအားတာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး

ကျိုက်လတ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ အားပေးကြည့်ရှုရာတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာ‌ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာတို့က ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအပ်နှံရေးအတွက် မိဘနှင့် ဆရာ ပူးပေါင်းကာ ဆောင်ရွက်ကြရန်၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအပ်နှံရေးအတွက် လာရောက်ကြသော မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြား၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)