ကရင်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ မေ ၂၆

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအကြား အချင်းချင်းအချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် GDP ၂ ဒဿမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ရန်မျှော်မှန်းထားကာ ထို့ထက်ပို၍တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုကြောင်း၊ မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး၊ တရားမဝင်ယာဉ်၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့လိုကြောင်း၊ မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး မဲမသမာမှုများမဖြစ်ပေါ်စေရေး အခြေခံမဲဆန္ဒရှင်စာရင်းမှားမှန်ကန်ဖို့လိုကာ သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ လယ်ယာကဏ္ဍထုတ်ကုန်တိုးတက်ပါက ပြည်နယ်၏ GDP တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME ထုတ်ကုန်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍကို အားပေးမြှင့်တင်၍ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ထို့နောက် ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်၊ ဖာပွန်ခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ သံတောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် စိုက်ပျိုးရေးမွေးမြူရေးနှင့်သားငါးကဏ္ဍ၊ MSME ထုတ်ကုန်ကဏ္ဍ၊ ဆန်၊ ဆီ၊ ပဲ၊ အသား၊ ငါး၊ ဥအမျိုးမျိုး စားသုံးမှုနှင့်ဖူလုံမှုအခြေအနေ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ကဏ္ဍကြီးများအလိုက် အကောင်အထည်ဖော်မှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အရှိန် အဟုန်မြှင့်ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)