စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း ယခင်နှစ်ထက်စိုက်ဧက ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်း မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆  စိုက်ပျိုးရာသီချိန်တွင် မိုးကြိုပဲတီစိမ်း သီးနှံကို ယခင်နှစ်ထက် စိုက်ဧကပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၄)အုပ်စုတွင် မိုးကြိုပဲတီစိမ်းကို ဌာနမှရေတင်ပေးခြင်း၊ တောင်သူကိုယ်တိုင် ရေတင်ခြင်းစသည့် ရေရရှိရေးနည်းလမ်းများကိုအသုံးပြု၍ စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးကြိုပဲတီစိမ်းကို ယခင်နှစ် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီချိန်တွင် စိုက်ဧက (၃၂၁) ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီချိန်တွင် စိုက်ဧက (၃၃၈)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်က ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သော ပဲတီစိမ်းကို ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းများဖြင့် ကွင်းဆင်း အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရာသီချိန်တွင် မျိုးစေ့များရရှိနိုင်ရေးနှင့် သွင်းအားစု (ဓာတ်မြေဩဇာ)များကို စိုက်ပျိုးသည့် ကျေးရွာများအလိုက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)