မြောင်းမြ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်းသီချင်း" ဖြင့် သီဆိုဖျော်ဖြေကြပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။ ထို့နောက် အ.ထ.က(၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်သီချင်း"ဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူး ဆရာကြီးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)