ဖျာပုံမေ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုအခြေအနေများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ လှည့်လည်အားပေးကြည့်ရှုရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအပ်နှံရေးအတွက် မိဘနှင့် ဆရာ ပူးပေါင်းကာ ဆောင်ရွက်ကြရန်၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး မူလတန်းအဆင့်တွင် သက်ဆိုင်ရာ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁) ဒါဇင်၊ ခဲတံ( ၄)ချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံကိုလည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့်ဘော့ပင် (၂)ချောင်းတို့ကိုလည်းကောင်း၊ အထက်တန်းအဆင့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘော့ပင် (၂)ချောင်းတို့ကိုလည်းကောင်း အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)