မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မှော်ဘီ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး မှော်ဘီခရိုင်၊ ခရိုင်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးလွင်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်(၂)ဦးဝင်းစိုးက မြို့နယ်အတွင်း ကျောင်းအပ်နှံရေးကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်များအား မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်မှလည်းကောင်း၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်များအား မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်မှလည်းကောင်း ခဲတံနှင့် ကျောင်းသုံးပုံနှိပ်များအား မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းစိုးတို့မှ အသီးသီးပေးအပ်ခဲ့ပြီး ဇာတိမာန်သီချင်းဖြင့် အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)