လိပ်သို မေ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းပင်စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများမှ ဒေသခံများမှာ ဒေသမျိုး ကွမ်းသီးပျိုးပင်များ ပျိုးထောင်ထားလျက်ရှိနေကြောင်း သိရသည်။
ကွမ်းသီးပင်စိုက်ပျိုးရာတွင် မိုးရာသီတွင် ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက်ရရှိရန် ဂရုစိုက်ပေးရကြောင်း၊ ရေဝပ်သောနေရာတွင် စိုက်ပျိုးပါက မြောင်းဖော်၍ ဘောင်ပေါ်တွင် စိုက်ပျိုးခြင်း နွေအခါရေရရှိစေရေး ရေသွင်းပေးခြင်း ပြုလုပ်ပေးရကြောင်း ကွမ်းစိုက်ပျိုးသူ တောင်သူတစ်ဉီးထံမှ သိရသည်။
ကွမ်းသီးပင်သည် မြေဩဇာနှင့် ရေလုံလောက်စွာရလျှင် အပင်သက်တမ်း ၆ နှစ်မှ ၉ နှစ်ခန့်တွင် အသီးစတင်သီးကြောင်း၊ ကွမ်းသီးပင်သည် တပေါင်း၊ တန်ခူးတွင်ကွမ်းခိုင်မှ အပွင့်စတင်ပွင့်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ ယခုနှစ်တွင် ကွမ်းသီးများ စျေးကောင်းရလျက် ရှိနေသောကြောင့် ဒေသခံများမှာ ကွမ်းပင်များကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်