တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၂၅

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်​ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများ၌ အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကခြင်များ၊ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများတွင် ပိုးလောက်လန်းများ မရှိစေရေး အဘိတ်(Abate) ဆေးများခတ် ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအားကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လှမင်းထွဋ် (ပြန်/ဆက်)