ပုသိမ် မေ ၂၅
အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် သုညတဓမ္မရံသီတရားရိပ်သာမှ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ ဦးဆောင်သော သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၈၀)ကျော်အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့မုခ် ဝိသာခါ ဓမ္မာရုံရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်လောင်းလှူခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင်ပြုလုပ်သည့် မွေးဖွားမှု၊ သေဆုံးမှုစာရင်းတိုက်ဆိုင် စစ်ဆေးခြင်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး “နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ် လကုန်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိစေရေးအတွက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းအဖွဲ့များဖြင့် စာရင်းကောက်ယူခြင်းများ၊ စာရင်းများမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ပြီး စတုတ္ထမူကြမ်းပေးပို့တင်ပြပြီးဖြစ်ပါကြောင်း၊ ပဥ္စမမူကြမ်းပေးပို့နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယားအချက်အလက်များပြည့်စုံမှန်စေရေးနှင့် ကွဲလွဲမှုများမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် ကိန်းဂဏန်းအချက်အလက်များ၊ လူတစ်ချင်းစီ၏အချက်အလက်များ မှန်ကန်စေရေးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှု စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ဆာဗာအတွင်း လူဦးရေဆိုင်ရာအချက်အလက်များအား ပြင်ဆင်ဖြည့်သွင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချက်အလက်များမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)