ပုသိမ် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကမ်းနားလမ်း၌ အလျား ၃၄ ပေ၊ အနံ ၁၄ ပေအရွယ် ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် အလျား၄၀ပေ၊ အနံ၁၄ပေအရွယ် ခရီးသည်နားနေဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများအပန်းဖြေအနားယူနိုင်ရန်အတွက် ဆိပ်ခံတားများကို ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ယနေ့တွင်လည်း ရေဆင်းဆိပ်ခံတံတားကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဆိပ်ခံတံတားတစ်စင်းဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများပြီး ရေလမ်းခရီးကိုသာ အဓိကအသုံးပြုနေရပါကြောင်း၊ ယခုကဲ့သို့ ဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်တို့အား ဖွင့်လှစ်ပေးခြင်းဖြင့် ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု၊ ရောင်းဝယ်ဖောက်မှုများကိုလည်း ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စေမည်ဖြစ်ပါကြောင်း၊ ကုန်ဌာနတံတားအားဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ငဝန်မြစ်ကြောင်းအတွင်း သွားလာနေကြသည့် ရေယာဉ်များအနေဖြင့် အချိန်မရွေး ဆိုက်ကပ်/ထွက်ခွာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားလာမှုလွယ်ကူချောမွေ့ကာ လုံခြုံစိတ်ချစွာ သွားလာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တံတားရေရှည် တည်တံ့ရေးအတွက်လည်း ပြည်သူလူထုအားလုံးက ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရန်လိုပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိချုပ်က ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင် တည်ဆောက်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ခရီးသည်နားနေဆောင်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကာ ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါဆိပ်ခံတံတားသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အလျား ၃၄ ပေ x အနံ ၁၄ ပေအရွယ်ရှိ သံကူကွန်ကရိ ရေဆင်းဆိပ်ခံတံတားနှင့် အလျား ၄၀ ပေ x အနံ ၁၄ ပေရှိ ခရီးသည်နားနေဆောင်တို့အား ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၈-၁-၂၀၂၅ ရက်တွင်စတင်တည်ဆောက်ခဲ့ပြီး ၂၄-၄-၂၀၂၅ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး သံကူကွန်ကရိရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်ကို အဆင့်မြှင့်တင်တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများနှင့် ပုသိမ်မြို့အကြား ငဝန်မြစ်ကြောင်းမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် ချိတ်ဆက်သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်သည့်အပြင် ရေယာဉ်၊ သမ္ဗာန်များ ဝင်/ထွက် ဆိုက်ကပ်ရာတွင်လည်း ပိုမိုဘေးကင်းလုံခြုံမှုရရှိစေမည်ဖြစ်၍ ဒေသခံပြည်သူများ၏ ခရီးသွားလာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)