ငလျင်ဒဏ်ခံစားခဲ့ရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အခြေခံပညာကျောင်းများ ယခုစာသင်နှစ်တွင် ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေ

ညောင်ရွှေ မေ ၂၅

မတ်လ (၂၈) ရက်နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အခြေခံပညာကျောင်းများအနက် (၁၂) ကျောင်း ထိခိုက်ပျက်စီးပြိုလှဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများအား အမြန်ဆုံးရှင်းလင်းဖယ်ရှားရေး၊ ယိုင်နဲ့သွားသည့် ကျောင်းဆောင်များတည့်မတ်၍ ကြံ့ခိုင်ရေးကောင်းမွန်အောင်ပြုပြင်ရေး၊ ယာယီ ကျောင်းဆောင်များ ဆောက်လုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီများ၊ လုပ်အားဒါနရှင်များနှင့် ဒေသခံပြည်သူများက အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အဆိုပါကျောင်းများအသီးသီး၌ ကျောင်းအပ်နှံမှုလက်ခံခြင်းကို တာဝန်ရှိသူများမှ ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းဖွင့်ကာလတွင် ကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုနှင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်မှုကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညောင်ရွှေတစ်မြို့နယ်လုံးအနေဖြင့် ယနေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၁၁၂၈) ဦး ရှိုပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဌာနမှ သိရှိရသည်။

စိုင်းအယ်ဘဲ