ငလျင်ဘေးအလွန် ပြည်တွင်းပြည်ပတစ်ပိုင်တစ်နိုင် ထုတ်လုပ်တင်ပိုနိုင်မှု ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မုံရွာ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် လုပ်ငန်းများထိခိုက်မှု၊ လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဝင်ထွက်မှုနှင့်ထုတ်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေး ရည်ရွယ်လျက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာ‌ဦး၊  ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့နှင့်ဝန်ထမ်းများသည် ဦးစွာ မုံရွာမြို့ ပွဲတော်အုပ် ကုန်အမှတ်တံဆိပ် လ္ဘက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဒေသထွက်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်တင်ပို့နိုင်မှု၊ ထားသိုသိမ်းစည်းမှုအခြေအနေများနှင့်  ပွဲတော်အုပ်အမှတ်တံဆိပ်  လ္ဘက်အား ပြည်တွင်းဈေးကွက်အပြင် နိုင်ငံတကာသို့ တင်ပို့ရောင်းချနေမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အလားတူ မုံရွာမြို့ ဆာကူရာ ယိုစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုအခြေအနေ၊ ထားသိုမှု၊ တင်ပို့ရောင်းချမှုနှင့် ဈေးကွက်အခြေအနေတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပဲမျိုးစုံကုန်သည်ကြီးများအသင်းနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှု ကုန်စည်များစီးဝင်စီးထွက်မှုအခြေအနေနှင့် ငလျင်ဘေးအလွန် ကုန်ပစ္စည်းများတင်ပို့ရောင်းချနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

   ခရိုင် (ပြန်/ဆက်)