တောင်ဥက္ကလာပမြို့နယ် သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်းအလှူ‌တော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ဥက္ကလာပ  မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာအခမ်းအနား‌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၁၄)ရပ်ကွက် ဥက္ကလာပစေတီတော်ဝန်းအတွင်းရှိ မဟာမုနိဓမ္မာရုံကြီး၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အတွင်းရေးမှူး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအေးကိုတို့က သာသနာ့ဗိမာန်တော်ကြီးရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ငွေစာရင်းထိန်းသိမ်းရေးကော်မတီ၊ ရတနာသုံးပါးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ကြိုဆိုနေရာချထားရေးကော်မတီ၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ၊ စာရင်းစစ်ကော်မတီတို့မှတာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေနှင့် ဆောင်ရွက်ထားရှိမှုများကို ကော်မတီအလိုက်အသီးသီးရှင်းပြ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌက သာသနာ့ဗိမာန်တော်ကြီး ရေးစက်သွန်းချခြင်း အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ ဦးစီးကော်မတီညှိနှိုင်းခြင်း၊ ဆပ်ကော်မတီအသီးသီးတို့နှင့် လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)