ထန်းတပင်(ရန်ကုန်) မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် လူငယ်၊ လူရွယ်များအတွက် အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် မေလ (၇)ရက်နေ့မှ စတင်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလ (၂၉)ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်လျှင် (၃)ရက်နှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သလို သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ကွန်ပျူတာပညာရပ်ကိုအခြေခံမှစတင်၍ စနစ်တကျတက်မြောက်စေရန်ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင်လည်း တက်ရောက်လျက်ရှိသည့် လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစာစီစာရိုက်နည်းများနှင့် အခြေခံကွန်ပျူတာအသုံးပြုနည်းများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)