ကသာ မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “အသေးအမွှား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ-ကသာ)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “ အသေးအမွှား” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးကလည်းကောင်း၊ Book Club အဖွဲ့ဝင် မောင်သူရစံ၊ မအိရွှေဇင်ဝင်းနှင့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင် ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ-ကသာ)နှင့် ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးတို့က “အသေးအမွှား" ဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် ယနေ့လူငယ်များ၏ အသိအမြင်များ တိုးတက်လာသည်ကို တွေ့မြင်ရသည့်အတွက် ကျေနပ်မိပါကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် စာတွေ့လက်တွေ့ သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်ကြသူများဖြစ်လာရန် မျှော်လင့်ပါကြောင်းနှင့် မိမိတို့၏ လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ် စာရေးဆရာအသင်း၊ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)