ကသာ မေ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ယခုဖွင့်လှစ်သည့် သင်တန်းသည် မေလ (၂၀)ရက်မှ (၂၄)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားမှတင်သွင်းလာသည့် လူသုံးကုန်းပစ္စည်းနေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန်းများအဖြစ် အစားထိုးနိုင်ရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်ကြရန်၊ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေသများကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်ကြသော သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောကလျာ၊ ခရိုင်စာရင်းစစ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဦးးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်အေးမော်တို့က ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာရည်၊ ခေါင်းလျှော်ဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ဆပ်ပြာရည်၊ (Herabl) ရေချိုးဆပ်ပြာရည်၊ (Herabl/ ဓာတုနည်း)၊ အမွှေးရည် Scrub ပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်း (၁၅)မျိုး ပြုလုပ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)