ကျောက်တန်းမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ကျောက်တန်း မေ ၂၅

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက် နံနက် ၉ နာရီမှစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက ပျော်ရွှင်စွာ လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။

ကျောက်တန်းမြို့နယ်အတွင်း “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ မေ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံနှင့် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံအဖြု၊ အစိမ်းတစ်စုံစီ စသည့်ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရှိရသည်။

ကျောက်တန်းမြို့နယ်အတွင်း စုစုပေါင်းအ​ခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၈)ကျောင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၅)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၃)ကျောင်း၊ အမကခွဲ (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၄)ကျောင်း စုစုပေါင်းကျောင်း (၁၃၈)ကျောင်းရှိရာ မေလ (၂၂) ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေလင်းကျော် (ပြန်/ဆက်)