နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

နတ်တလင်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၇)ကျောင်းတွင် မေလ ၂၂ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ -၂၀၂၆ ခုနှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၃၇) ကျောင်းတို့တွင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည်တို့အပြင် KG တန်းမှ Grade-5 အထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်မှ အခမဲ့ပေးအပ်လျက်ရှိသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းများကို မြို့နယ်ပညာရေးမှူးရုံး ဦးဘိုဘိုအောင်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်၍ ဆရာ/ဆရာမများက မေလ(၂၂)ရက်နေ့မှ စတင်၍ ဇွန်လ (၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)