တွံတေး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန်ဧက (၈၁၃၃၅)လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။
ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးချိန်အမီ ထွန်းယက်စိုက်ပျိုးနိုင်ရန် တွံတေးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့်တာဝန်ရှိသူများက မိုးစပါးလျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရန် လယ်ယာမြေကြိုတင်ပြင်ဆင်ရေး၊ မိမိဒေသနှင့်ကိုက်ညီသော မျိုးစပါးနှင့်အထွက်နှုန်းပိုသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ရေတော်မိုးတော်စိုက်ပျိုးနိုင်ရေး တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ မြေဆီလွှာထိန်းသိမ်းရေးနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများဟောပြောခြင်း၊ စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စပါးစိုက်ဧကတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဆည်မြောင်းများမှရေသောက်စနစ်ကို အကျိုးရှိစွာသုံးနိုင်အောင် ရေတံခါးများအဆင့်မြှင့်တင် ဆောင်ရွက်ပေးထားပြီး တစ်ဧကအထွတ်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များပြောင်းလဲစိုက်ပျိုးစေခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများအသုံးပြုလာကြကြောင်း သိရသည်။
ယခင်နှစ် မိုးစပါးရာသီတွင် ဒေသခံတောင်သူများအနေဖြင့် တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးဧကအားဖြင့် (၈၁၃၃၅)စိုက်ပျိုးခဲ့ပြီး တစ်ဧကကို ပျှမ်းမျှ (၆၈.၁၂)တင်းထွက်ရှိကာ စပါးတင်းပေါင်း (၅၅၄၀၅၄၀)တင်း ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးဧက (၄၆၁၃၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း တစ်ဧကပျှမ်းမျှအထွက်နှုန်း (၉၆.၇၅)တင်း နွေစပါးတင်းပေါင်း (၄၄၆၃၅၆၁)တင်း၊ ပဲမျိုးစုံ (၁၆၈၂)ဧကတွင် တစ်ဧက (၉.၉၃)တင်းထွက်ရှိပြီး ပဲမျိုးစုံ (၁၆၆၉၅)တင်းနှင့် နေကြာဧက (၃၀၀)စိုက်ပျိုးခဲ့ရာ တစ်ဧက (၁၁.၆၅)တင်း နေကြာတင်း (၃၄၉၆)တင်း ထွက်ရှိခဲ့သည်။
ယခုနှစ်တွင် ဒေသခံတောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမည့်စပါးမျိုးများမှာ မီးဒုံး၊ ငကျွဲ၊ ရက်(၉၀)၊ ကောက်ညှင်း၊ နှံကောက်၊ ဧရာမင်း၊ မနောသုခတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မျိုးလှိုင် (တွံတေး)