မြန်အောင် မေ ၂၄
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဥ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းဘာသာရပ်၊ ပညာရပ်များကို လူတိုင်းတတ်မြောက်စေရန်၊ ရုတ်တရက်နာမကျန်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာများရရှိပါက မှန်ကန်သောရှေးဦးပြုစုခြင်းနည်းဖြင့် ချက်ခြင်းပြုစုစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်သင်တန်း(၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အ.လ.က ပဲတခွဲ(လန်ဒါ) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖ ဦးလှိုင်သန်းနှင့် အ.လ.က ပဲတခွဲ(လန်ဒါ)ကျောင်းအုပ်ဆရာကြီး ဦးစိုင်းဝေဠုတို့က ကျေးဇူး တင်စကားပြောကြားခဲ့သည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.လ.က ပဲတခွဲ(လန်ဒါ) ကျောင်းတွင်ဖွင့်လှစ်သော ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့်(၃/၂၀၂၅) သင်တန်းကို မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ (၃၉)ဦး၊ ဆရာဆရာမနှင့်ဒေသခံပြည်သူ (၁၀) ဦးတို့အား ရှေးဦးသူနာ ပြုစုခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)