သာယာဝတီမြို့နယ်၌ “၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်များစိုက်ထူ

သာယာဝတီ မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၂၂ ရက်နေ့နံနက် ၈ နာရီက သာယာဝတီမြို့ ရန်ကုန်-ပြည်ကားလမ်းဘေး မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၄)ကျောင်းရှိ၍ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ကျောင်းဖွင့်ချိန်အမှီ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အပတ်စဉ်စနေနေ့တိုင်း ကျောင်းတွင်းနှင့်ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)