မွန်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးရာသီတွင် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစပါးများပေးအပ်

မုဒုံ   မေ  ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားခြင်းကွင်းသရုပ်ပြပွဲနှင့် မျိုးစပါးများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘဲရမ်းကျေးရွာရှိ တောင်သူဦးဘသိန်း ကွင်းအမှတ် (၈၄၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က မြို့နယ်၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည် နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန်မှ ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာစေရန်၊ ကြဲခင်းစနစ်ကို စိုက်ပျိုးခြင်း မပြုလုပ်ရန်၊ ပြည်နယ်အတွင်း စပါးမျိုးကောင်းမျိုးသန့် ဖူလုံစွာရရှိနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် မျိုးစေ့ထုတ်စိုက်ခင်းများမှ ရရှိလာသော မျိုးစပါးများကို စနစ်တကျ ထိန်းသိမ်း၍ တောင်သူများထံ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး၍ တောင်သူ များ၏ မိုးစပါးစိုက်ပျိုးရာသီတွင် လိုအပ်မှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ဖြည့်ဆည်းပေးခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)