ငပုတော မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်း ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအဆင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက “မြန်မာ့ကျောင်း”သီချင်းဖြင့်သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအား မေလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ကြောင်း၊ ယနေ့မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းတက်ရောက်ရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 အလယ်တန်းပညာ ပြီးမြောက်အောင်မြင် သည်အထိ ပညာသင်ယူနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အောင်ချက်ရာနှုန်းမြင့်မားရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရေး”ပြောကြားခဲ့ပြီး မြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်မိုးမိုးအေးက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများပေးအပ်ခဲ့ကြပြီး ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အောင်သူ(ပြန်/ဆက်)