အင်းစိန်မြို့နယ်၌ စာကြည့်တိုက်သုံးပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ

အင်းစိန်  မေ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီကလှူဒါန်းသည့်  စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင် များ ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်တာဝန်ခံ ဦးဘိုကြည်၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဝင် (၂) ဦးအုန်းရွှေ၊မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက လှူဒါန်းသည့် စာကြည့်တိုက်တစ်တိုက်လျှင် သံစာအုပ်စင်(၁)စင်၊ ပလတ်စတစ်ကုလားထိုင်(၈)လုံးနှင့် သုတ၊ရသစာအုပ်များအား အင်းစိန်နယ်အတွင်းရှိ စာကြည့်တိုက် (၁၂)တိုက်မှ ကော်မတီဝင်များထံသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများ၊ စာပေချစ်မြတ်နိုးသူများအသင်း BookClub အဖွဲ့၀င်များ၊ ရပ်မိရပ်ဖများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(အင်းစိန်)