ဘိုကလေး မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယနေ့ မေလ(၂၄) ရက်မှ စတင်၍ (၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဘိုကလေးမြို့နယ်မှ Pioneer Badminton Club အသင်း၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းအတွင်းမှ ကြက်တောင် အားကစားသမားများအား ဖိတ်ခေါ်၍ ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက် (၈)နာရီ အချိန်တွင် မြို့နယ်အားကစားခန်းမ၌ ဖွင့်ပွဲကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ၊ Pioneer Badminton Club အသင်းမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ကြမည့် အားကစားသမားများ အင်အား (၁၀၀)ခန့် တက်ရောက်ကြပြီး ပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြို့နယ်အသီးသီးရှိ ကြက်တောင်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ ကြက်တောင်အားကစား အဆင့်အတန်းမြင့်မား လာစေရေးတို့အတွက် ကျင်းပခြင်းဖြစ်ကြောင်းအမှာစကားပြောကြားပြီး ဘိုကလေးမြို့နယ် ကြက်တောင်အသင်းနာယက ဦးမျိုးဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းဆိုင်ရာများအား ပြောကြားခဲ့သည်။
ယခုကျင်းပမည့် ဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အသင်းပေါင်း(၁၀)သင်းကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အသင်းအသီးသီးအား အသက်အရွယ် သတ်မှတ်ချက်အလိုက် ပွဲစဉ်များ စီစဉ် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယနေ့မှစတင်၍ ပြိုင်ပွဲအား (၃)ရက်တိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)