ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ  မေ ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းသည် ယခုဆိုလျင်အစိုးရသက်တမ်း အချိန်ကာလတစ်ခုကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများကိုလည်း ကောင်းစွာသိရှိပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အားထုတ်ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုသကဲ့သို့ ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအဆင့်ဆင့်ကို တာဝန်ခွဲဝေပေးအပ်မှုအား စနစ်တကျအဆင့်ဆင့် ကွပ်ကဲသည့်စနစ်ဖြင့် တာဝန်ချထားပေးပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း ကြီးကြပ်ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ကသတ်မှတ်ထားသည့် ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲဥပဒေများပါ ရွေးကောက်ပွဲကျင်းပခြင်း ပြဋ္ဌာန်းချက်များနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက် သွားရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုထားသောလုပ်ငန်းများကို  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် အညီသတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြရန် အလေးအလွင့်မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် အလေးထားပြောကြားလိုကြောင်း၊ ထို့ပြင်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်သည့် ဝန်ထမ်းတို့၏ အခွင့်အရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်ပျော်ရွင်မှုရရှိရေးအတွက် စိတ်ဓာတ်မြှင့်တင်ရေးအစီစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအခြေအနေအရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ် နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ပေးအပ်ကူညီလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ပူးပေါင်းပြီးအကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့၏ခေါင်းဆောင်မှုအရည်အသွေးများနှင့်အညီ စနစ်တကျပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွတ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ရသုံးမှန်ခြေ ငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဌာနအတွင်း ဝန်ထမ်းများတာဝန် ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ(၂)ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)